အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေး တွေ့ဆုံပွဲအခမ်းအနား တစ်ရပ်ကို စက်တင်ဘာ ၂၀ရက်နေ့ ၊ လားရှိုးမြို့ရှိ အောင်ချမ်းသာခန်းမတွင် Young Women Christian Association (YWCA) အသင်းမှ ဦးဆောင်၍ ကြီးမှူးကျင်းပခဲ့သည်။
၎င်းအခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ အမျိုးသမီးများ ဗဟုသုတပြည့်ဝပြီး ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိလာစေရန် ၊ ထုံးတမ်းအစဉ်အလာအရ ခွဲခြားခံရခြင်းလျော့နည်းလာစေရန် ၊ အမျိုးသမီးများ မိမိကိုယ် မိမိ ယုံကြည်မှုရှိလာပြီး ကဏ္ဍများအလိုက် ပါဝင်မှုရှိလာစေရန် ၊ ဒေသအတွင်းရှိအမျိုးသမီးများမှ အုပ်ချုပ်ရေးမှူးများအား ဒေသလိုအပ်ချက်များကို တင်ပြခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ချက်များကို ဖော်ထုတ်ဆောင်ရွက်လာနိုင်စေရန်တို့ဖြစ်ကြသည်။
အခမ်းအနားသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူး ၊ သင်တန်းဆင်းထားသူများ ၊ ပရဟိတအသင်း ၊ ရပ်ကွက်အတွင်းရှိ အမျိုးသမီးများနှင့် YWCA အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။