အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားဖော်ဆောင်သူများ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်

တအောင်းကျောင်းသားလူငယ်များသမဂ္ဂရုံးခန်းမ၊ လားရှိုးမြို့၌ ဇွန်လ ၃ ရက်နေ့တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားဖော်ဆောင်သူများတွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

အစည်းအဝေးသည် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားဖော်ဆောင်သူများအကြား ရပ်ကွက်တွင်းပြုပြင်ပြောင်းလဲရေးကိစ္စရပ်များ လုပ်ဆောင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို တအောင်း ကျောင်းသားလူငယ်များနှင့် တွေ့ဆုံဖလှယ်ဆွေးနွေးရင်း အပြန်အလှန်ချိတ်ဆက်မှုများရရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် တအောင်းကျောင်းသားလူငယ်သမဂ္ဂ၏ အလုပ်အမှုဆောင်အဖွဲ့ရွေးကောက်တင်မြှောက်ပုံအကြောင်း၊ အဖွဲ့ဝင်သတ်မှတ်ချက်များ၊ တအောင်းကျောင်းသားလူငယ်များသမဂ္ဂအဖွဲ့ ရေရှည်တည်တံ့ရန် ဖြတ်သန်းကြိုးစားခဲ့ပုံများနှင့် အခက်အခဲများ ကျော်လွှားခဲ့ပုံများကို ဆွေးနွေးဖလှယ်ခဲ့သည်။

ယနေ့တွေ့ဆုံဆွေးနွေးရသည်မှာ အလွန်အားရစရာကောင်းကြောင်း၊ တအောင်းကျောင်းသားတွေဆီမှ သင်ယူရရှိလိုက်သော အရာများများစွာရှိကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ်တစ်ဉီးမှ ပြောကြားခဲ့ပြီး “နောက်ထပ်လူ့အခွင့်အရေးလှုပ်ရှားမှု စီမံကိန်းတွေရှိရင် TSYU ကိုလည်း ချိတ်ဆက်စေလိုပါတယ်။ သင်တန်းတတ်တာတင်မဟုတ်ဘဲ အခုလိုမျိုးရပ်ရွာတွေမှာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေလုပ်တာမျိုး၊ အာဆီယံအဆင့် စည်းရုံးလှုံဆောင်ခြင်း လုပ်တာမျိုးစတဲ့လုပ်ငန်းစဉ်တွေမှာ အတူတူပူးပေါင်းပြီး လုပ်ဆောင်လိုပါတယ်” ဟု တအောင်းကျောင်းသား လူငယ်သမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးမှ ရှင်းလင်းပြောကြားခဲ့သည်။