အောက်တိုဘာလ ၁၅ရက်နေ့ ၊ ကရင်ပြည်နယ် နောင်းနိုင်ကျေးရွာရှိ မူလတန်းကျောင်း၌ လူငယ်များသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အသိပညာများ သိရှိနားလည်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ ပိုမိုပူးပေါင်းလုပ်ဆောင်မှုများ ရှိလာစေရန် ရည်ရွယ်၍ လူငယ်နှင့် ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။

“ကျွန်မက လူငယ်တစ်ဦးဖြစ်ပေမယ့် လူငယ်နဲ့ ငြိမ်းချမ်းရေးကိုတော့ အများကြီးတော့ မသိဘူး။ သိသလောက်ဘဲ ပြောရမယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ယခုလက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက်မှာ လူငယ်တွေရဲ့ပါဝင်မှုနှုန်းက အရမ်းနည်းတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေများများပါဝင်နိုင်ရင်တော့ ပိုပြီးထိရောက်အောင်မြင်တဲ့ ငြိမ်းချမ်းရေးတစ်ခုဖြစ်လာနိုင်တယ်လို့ ယုံကြည်တယ်။ ပြဿနာ ၊ ပဋိပက္ခတွေကို ဖြေရှင်းတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ကျွန်မရွာဆိုရင် ပြဿနာကို နည်းလမ်းနှစ်ခုနဲ့ ဖြေရှင်းလေ့ရှိတယ်။ တစ်ခုကတော့ အချောနည်းနဲ့ပေါ့နော် ၊ နောက်တစ်ခုကတော့ အကြမ်းနည်းပေါ့။ အကြမ်းနည်းနဲ့ လုပ်တာပိုပြီးတော့ ထိရောက်တယ်။ ဘာလို့လဲဆိုတော့ လူတွေက ခြောက်မှကြောက်တော့ အဲ့နည်းလမ်းနဲ့သုံးတယ်။ ခြောက်တယ်ဆိုတာ ပြစ်ဒဏ်လိုပေါ့နော်။ ဒီမှာသင်တဲ့အရာတွေက ရွာပြန်ရောက်ရင် ပြန်ပြီးအသုံးပြုမယ် ၊ အသုံးချလို့ရအောင်ကြိုးစားမယ်။ ဒီသင်တန်းက ကျွန်မတို့လူငယ်အတွက် ကောင်းပါတယ် ၊ ဘာလို့လဲဆိုတော့ အရင်က မသိနားမလည်တဲ့အရာတွေသိရှိသွားတယ်” ဟု သင်တန်းသို့ တက်ရောက်လာသူ နန်းရွှေမှုံကျေးရွာမှ အသက်၂၅နှစ်အရွယ် မနန်းနွယ်နိုင်မိုးမှ သင်တန်းတက်ရောက်လာသည့် အတွေ့အကြုံများကို ဝေမျှခဲ့သည်။

“ကျွန်တော်ကတော့ လူငယ်တစ်ဦးပီပီ ငြိမ်းချမ်းရေးကိုဘဲ လိုချင်ပါတယ်။ အရင်လို စစ်ဖြစ်တာ မလိုချင်ဘူး။ မိကွဲ ဖကွဲတဲ့မိသားစုလို မနေချင်ဘူး ၊ မလိုချင်ဘူး။ ပတ်ဝန်းကျင်မှာလည်း မမြင်ချင်ဘူး။ ကျွန်တော်က အသက်ငယ်ပေမယ့် ကျွန်တော့်ရွာမှာ စစ်ဒဏ်ကြောင့် မိသားစုကွဲတွေရှိတယ်။ ဒါကြောင့် ကျွန်တော်စစ်ကို မလိုချင်ဘူး။ လူတိုင်းကို ငြိမ်းချမ်းစေချင်တယ်” ဟု အံဖလေးကျေးရွာမှ တက်ရောက်လာသူ အသက် (၂၀) အရွယ်ရှိ စောထွန်းဇော်ဝင်းမှ ပြောကြားခဲ့သည်။

#CivicEngagement

#PEACE_Project

#Helvetas

#EU