၂၀၁၉ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ရုံးတွင် လူ့အခွင့်အရေးဖော်ဆောင်သူများတွေ့ဆုံပွဲ တစ်ရပ်ကျင်းပပြုလုပ်ခဲ့သည်။ ရည်ရွယ်ချက်မှာ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားဖော်ဆောင်သူ (Change Agent-CA)များကြားတွင် ကွန်ရက်ချိတ်ဆက်ရန်နှင့် လူ့အခွင့်အရေးပြောင်းလဲဖော်ဆောင်သူများအကြား လှုပ်ရှားဆောင်ရွက်နေသော ကိစ္စရပ်များ၊ ကြုံတွေ့ရသော အခက်အခဲများကို ဆွေးနွေးတင်ပြပြီး အပြန်အလှန်ညှိုနှိုင်းတိုင်ပင်ရန်ဖြစ်သည်။ အစည်းအဝေးသို့ တတ်ရောက်လာသူပေါင်းမှာ (၄၀) ဦးဖြစ်ပြီး အမျိုးသမီး (၂၇) ဦးနှင့် အမျိုးသား (၁၃) ဦးတို့ဖြစ်သည်။ အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်သူများအဖွဲ့အနေဖြင့် Myanmar National Paralegal Network ၏ အစီအစဉ်ဖြင့် Paralegal Exchange Visit ပါဝင်သူများက အတွေ့အကြုံများကို မျှဝေခဲ့သည်။ ပြုပြင်ပြောင်းလဲမှုဖော်ဆောင်သူများအနေဖြင့် စီမံချက်ကာလပြီးဆုံးပြီးနောက်ပိုင်းတွင်လည်း ရေရှည်ဆက်လက်တည်တံ့နေစေရေးအတွက် မြို့နယ်တိုင်းတွင် ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်သူများ ပြန့်ပွားရေးနှင့် ပြန်လည်စုစည်းရေးအစီအစဉ်များကို ဆွေးနွေးခဲ့သည်။ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်သူများ ၏ လတ်တလောလုပ်ဆောင်ကူညီခဲ့သော ကိစ္စများကို စုစည်းနိုင်ခဲ့သည်။
အစည်းအဝေးသို့တတ်ရောက်လာသူများထဲမှ တတ်ရောက်သူတစ်ဉီး၏ စကားသံမှာ “အခုဆွေးနွေးပွဲမှာ CA အဟောင်းတွေကော အသစ်တွေကော စုံစုံလင်လင်ပါတော့ အရမ်းကောင်းတယ်။ မြို့နယ်အလိုက် CA တွေ ပြန်လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ထွက်လာအောင်လည်း ဆွေးနွေးနိုင်ခဲ့တယ်။ အခုလမှာတော့ အကူအညီပေးနိုင်တဲ့ ကိစ္စတွေကို ကြည့်လိုက်ရင်အများကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ လုပ်ပုံကိုင်ပုံက အများကြီး စနစ်ကျလာတယ်။” ဟု ကွတ်ခိုင်မြို့နေ ပြုပြင်ပြောင်းလဲမှုဖော်ဆောင်ရေးလှုပ်ရှားသူ ဦးခွန်ဂျမ်မှ ပြောသည်။