မိသားစုစီမံကိန်း(Family Planning)ဆိုတာ မိမိတို့ရဲ့ဆန္ဒအလျောက် ကလေးဘယ်နှစ်ယောက်ယူမယ်၊ ဘယ်အချိန်မှာယူမယ်၊ ဘယ်အသက်အရွယ်မှာယူမယ်ဆိုပြီး စီစဉ်ထားတဲ့အစီအစဉ်ဖြစ်ပါတယ်။ ဒီလိုစီစဉ်နိုင်ဖို့ သားဆက်ခြားနည်းလမ်းတွေကို မှန်မှန်ကန်ကန်နဲ့ ရယူအသုံးပြုတတ်ဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံတွင် ရရှိနိုင်သော ခေတ်မီသားဆက်ခြားနည်းလမ်းများကိုရေတို၊ ရေရှည်နဲ့ ရာသက်ပန်သားဆက်ခြားနည်းလမ်းများဟူ၍ (၃)မျိုး ခွဲခြားသတ်မှတ်ထားပါတယ်။ စားဆေး၊ ၃ လခံ ထိုးဆေးနှင့် ကွန်ဒုံးတို့သည် ရေတိုသားဆက်ခြားနည်းလမ်းတွေဖြစ်ပြီး၊ သားအိမ်တွင်းပစ္စည်းထည့်ခြင်းနှင့် လက်မောင်းအရေပြားအောက်ပစ္စည်းထည့်ခြင်းတို့မှာ ရေရှည်သားဆက်ခြားနည်းလမ်းများဖြစ်ပါတယ်။ သားကြောဖြတ်ခြင်းကတော့ ရာသက်ပန်သားဆက်ခြားနည်းလမ်းဖြစ်ပါတယ်။ မိမိတို့အတွက် အဆင်ပြေကိုက်ညီမဲ့ သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုပြီးတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ သားဆက်ခြားနည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။